24 June, 2010

"ပုစ္ဆာတစ်ပုဒ်အတွက် စာမျက်နှာတစ်ရွက်"



ကြယ်တွေက မလင်းတလင်းနဲ့ ညတစ်ည
ဘာရယ်မှန်းတော့မသိ
ခံစားမှုတွေပုံချမိတယ်

အမှားအမှန်မသိတဲ့
ရမ်းသမ်းမှန်းဆမှု....

တွေဝေခြင်းကင်းတဲ့
ခပ်ပြင်းပြင်းနှုတ်ဆိတ်ခြင်းတွေ...

ဒါတွေကို စားသုံးရင်း
ငါ့ဘ၀က မှုန်မှိုင်း
ထုံထိုင်းလာတယ်ထင်မိတယ်

အသက်မပါတဲ့ပုစ္ဆာတစ်ပုဒ်ကိုတွက်
အဖြေကိုမထွက်ထွက်အောင်
ခဲဖျက်နဲ့အတန်တန်ဖျက်နေရတဲ့ဘဝ

ဘယ်အချက်မှ အမှန်ထွက်မလဲဆိုတာ
တောင့်တရင်း
ကြိုးစားပမ်းစားပဲ တွက်ချနေမိတယ်

ခဲဆံတွေလဲကျိုး
ခဲတံလဲ အမျိုးမျိုးပြောင်းခဲ့ရပါပြီ.

ဒါတောင် လိုချင်တဲ့အဖြေမရ
ဘာများဆက်လုပ်ရပါ့မလဲ …..

အဖြေကိုလိုချင်မိတော့
စာမျက်နှာကျော်ပြီးလှန်ကြည့်မိတယ်

ဒါလဲထူးမခြားနား
အားလုံးက ပုစ္ဆာအပြည့်နဲ့ချည်းပါပဲလား

ထူးခြားချက်က .......
တစ်ပုဒ်နဲ့တစ်ပုဒ်များအခြေခံထားလိုက်သေးတယ်
မှတ်ချက်…….
(စာမျက်နှာကျော်လှန် သူများအတွက်တဲ့)

ဖတ်ကြည့်လိုက်တော့…
နောင်တရမိသွားတယ်…
ရလဒ်က......

ပုစ္ဆာအကုန်လုံးကို အစကပြန်တွက်ရမယ်တဲ့ဗျာ
တစ်ခါတစ်လေတော့လဲ ကံကြမ္မာဆိုတာကြီးကို
နာကျည်းမိချင်သား

လူဆိုတဲ့အမျိုးကလဲ လောဘကတက်
စောဒက အထပ်ထပ်နဲ့ဆိုတော့

အချိန်မတန်ခင်
စာမျက်နှာကျော်လှန်မိလိုက်ပါရောလား….

ဒီတော့ အစက ပြန်သွား
တစခန်းနားရပြန်ရောပေါ့ဗျာ….

ဘာပဲဖြစ်ဖြစ်......
ကျွန်တော်တော့ ဒုတိယမြောက်
ပုစ္ဆာကိုတွက်နေတုန်းပဲ

ဖော်မြူလာ အမျိုးမျိုးသုံး
သိသမျှ မှတ်သမျှတွေ အတုံးအရုံးအသုံးချလို့
ခဲခြစ်ရာတွေ ပရပွ မရစေဖို

ကျွန်တော့စာမျက်နှာလေးလှအောင်
အစွမ်းကုန် ခြယ်သ,ရ ဦးမယ်…

18 June, 2010

အမေ့အိမ်သို့..တမ်းချင်း


သူငယ်ချင်းရေ....
တစ်ချိန်တုန်းက တခမ်းတနားနဲ့
မိဘအရိပ်အောက်မှာ...
မျက်ရည်ဆိုတာ ခြောက်ခန်း
အပြုံးပန်းတွေနဲ့
ငါတို့ပျော်ခဲ့ဖူးတယ်...............

အပူအပင်ဆိုတာမရှိ
မေမေ့ရဲ့ကရုဏာအထိအတွေ့
ဖေဖေ့ရဲ့ အကြင်နာအကြည့်တွေမှာ
ငါတို့ပျော်ဝင်ဖြတ်သန်း
မမောမပန်းပဲ လျှောက်လှမ်းခဲ့ကြဖူးတယ်......

သူငယ်ချင်းရေ........
အဲ့လိုအပြုံးပန်းတွေနဲ့ဘဝ
နွေးထွေးတဲ့အရသာ
ကြင်နာတဲ့အထိအတွေ့
ငါတို့ဘယ်နေ့ပြန်တွေ့နိုင်ပါ့မလဲ ................

တစ်ချိန်တုန်းက ငယ်ဘ၀တွေတွေးရင်း
လွမ်းဆွတ် တမ်းတမိတယ်......

အရွယ်လေးမရောက်တရောက်
ပညာလေးမတောက်တခေါက်နဲ့
မိဘရင်ကိုစုံကန်
ငါတို့အပျံသင်ခဲ့ကြရတယ်

ရင်ငွေ့နွေးနွေးရဲ့ ခပ်ဝေးဝေးမှာ
ပညာရေးဆိုတာကို အကြောင်းပြ
ငါတို့ဘ၀တွေ ...
မိသားစုနဲ့ဝေး
အေးစက်စက် ဘ၀အိပ်ယာထက်မှာ
တစ်နယ်ဝေးက
မေမေပေးတဲ့ခွန်အားတွေနဲ့
အသက်ဆက် ...
မနက်မနက်ဆိုတာတွေကိုဖြတ်သန်း
တစ်နေ့တစ်လံ
ပုဂံဘယ်ရွေ့မလဲ ဆိုတဲ့စိတ်နဲ့လှမ်းရင်း....

အကြင်နာအပြည့်နဲ့ အမေ့အိမ်လေးကိုလွမ်းတယ်
စေတနာပရပွနဲ့ မေမေ့လက်ရာ ချိုမြမြတွေကို သတိရတယ်
အကြင်နာအလှနဲ့ တောက်ပခဲ့ဖူးတဲ့
မိသားစုဘ၀လေးကို တောင့်တတယ်

ဆုတောင်းခွင့်တစ်ခုသာရခဲ့ရင်...............
မေမေရဲ့.....
ငြင်သာဖွဖွ တယုတယအနမ်းတွေနဲ့
အခက်ခဲတိုင်းကို ရှေ့ဆက်လှမ်းနိုင်မဲ့
ခွန်အားတွေနဲ့
ဘ၀ကိုဆက်သွားပါရစေ....

16 June, 2010

ချစ်ခြင်းနဲ့ စစ်ခင်းခြင်း


ခပ်ကြမ်းကြမ်း သတိရမှုတွေ ဘေးအသာချ
အထာမကျတဲ့ ယောင်ချာချာအတွေးတစ်စနဲ့
ဟိုအရင် လှုပ်ရွရွ အလွမ်းတွေက
မျက်လွှာအသာချလို့
ပျင်းရိမှုနဲ့ ဆန္ဒပြနေလေရဲ့........

တစ်ထောင့်တစ်ညထက်သာတဲ့
လူတကာရဲ့မှတ်ချက်တွေကလဲ
သေသပ်မှုကင်းကင်းနဲ့ပဲ

ငါ့ခံစားချက်ကိုတက်နင်းလာကြတယ်
ဒါတွေကိုဂရုစိုက်လို့...
ငါလူမိုက်ဖြစ်သွားမှာပေါ့
ဘာပဲဖြစ်ဖြစ် ........
ငါ့အတွေးနဲ့ငါတော့
မှေးစက်လို့ကောင်းနေတုန်းပဲ
......
ဘယ်သူတွေဘာပြောပြောပေါ့

ငါ့အတွက်တော့...

ချစ်ခြင်းဆိုတာ အပြစ်ကင်းတယ်

ရှင်းရှင်းလေးနဲ့လဲ ပူပြင်းစေတယ်

အရက်ပြင်းတစ်ခွက်လို ...

သောက်ရင်းနဲ့လဲ မှောက်တတ်သေးတယ်...

နှောက်ယှက်ခြင်းကင်းတဲ့
ငါ့ခံစားမှုလျှောက်လမ်းကျဉ်
းထဲက
တင်းခံနေတဲ့ မပီဝိုးဝါးစကားတွေကို
ပစ်ချ ပြုတ်ကျစေတတ်တဲ့
နှလုံးသားရဲ့ လောက်လေးခွတစ်လက်

တစ်ခါတစ်လေကျတော့လည်း.....

ခပ်သွက်သွက်နဲ့ ရင်ဘတ်ထဲက
စည်းချက်တွေကို
ပုတ်ခတ်ပြတတ်သေးတယ်
လစ်လျူရှုမိရင်လဲ

မူပြီးကောက် ဆူပြီးဆောင့်ချင်သေးတာ

ဖျောက်ပစ်ဖို့လဲ လက်သည်မပေါ်ပဲမရ

ရော်....ခက်လှချည်ရဲ့....

နှလုံးသားတံခါးကိုဆောင့်ကန်

အကြံအသစ်အသစ်တွေနဲ့ ၀င်နေတဲ့ ဒီ "အချစ်"
ငါဘယ်လိုသတ်ပစ်ရပါ့မလဲ
ဒါကိုပဲတစ်နေ့တစ်နေ့စဉ်းစားရင်း
ငါ့နှလုံးသားလဲ လုံးပါးပါးလာပြီ......
.

14 June, 2010

အတွေးများရဲ့နိဒါန်း(သို့) ဘ၀တစ်ခုရဲ့နိဂုံး





အတွေးပျပျနဲ့ နိဒါန်းစ
ချီတက်လာခဲ့တဲ့ ဘ၀တစ်ခုမှာ

လောကဓံရဲ့အနာတရ

ရှုံးနိမ့်မှု အောင်မြင်မှုတွေနဲ့ ပကာသန

ပျော်ရွှင်မှု ၀မ်းနည်းမှုတွေရဲ့ အမှတ်တရ

ရင့်ကျက်မှုစီးကြောင်းထဲက
လောဘ ဒေါသ မောဟနဲ့ မာနတွေ

ပြည့်နှက်ခြင်းအတိနဲ့
အခွံသာရှိတဲ့ ဖြစ်တည်မှုတွေ

ရုပ်နာမ်တွေရဲ့ ခွဲခြားမှုအောက်က
အတ္တဟိတနဲ့ပရဟိတ
ကွာခြားချက်တွေ

ဒါတွေကိုနားလည်ဖို့အားတင်း
ခြေဖျက်ဖို့ကြိုးစားရင်းက

ရခဲ့တဲ့ဒဏ်ရာဒဏ်ချက်တွေနဲ့
ကဗျည်းတင်ဖို့တောင် အချိန်မရ
မရေရာလှတဲ့ဘ၀ကို
ပန်းကုံးစွပ်ဖို့
ကိုယ့်ဘ၀ကိုယ် ပုဝါစနဲ့
ကန့်လန့်ကာအရင်ချရမယ်တဲ့ဗျာ.....

လောကဓံရဲ့လှုပ်ခါချက်ကို
ပုဝါစတွေကရော ဘယ်လောက်ခံနိုင်ကျမှာလဲ

အချိန်တန်အိမ်ပြန်လမ်းကျမှ
လောကဓံရဲ့ ရိုက်ချက်နဲ့
စုတ်ပြတ်နေတဲ့ရင်ကိုခင်း
နာကျင်မှုကိုခပ်ပြင်းပြင်း ရှိုက်သွင်းပြီး
အခြေမလှတဲ့ အသုံးတော်ခံဘ၀နဲ့
ပျက်သုဉ်း ပျောက်ဆုံးသွားမှာ
ကြောက်မိပါရဲ့.....