01 September, 2010

ခေါင်းစဉ်မဲ့

မင်း

03 August, 2010

"အမုန်းဋီကာ"


အပြာရောင်ကောင်းကင်ကိုနောက်ခံပြီး
အရောင်ပြောင်းတတ်တဲ့
မရိုးသားတဲ့ တိမ်တိုက်တွေကို
မုန်းတယ်....

ဖုံးကွယ်မှုနောက်က
အမှတ်တမဲ့ကျလာတတ်တဲ့
မသေမသပ် အပြုံးချက်တွေကို
မုန်းတယ်.....

နာကျင်မှုကိုခုတုံးလုပ်ပြီး
မျက်ရည်စတွေနဲ့ အလွဲသုံးစားလုပ်နေတတ်တဲ့
ငါ့မျက်လုံးအစုံကိုလဲ
မုန်းတယ်....

အလိုက်ကန်းဆိုးမသိ
ထိထိမိမိနာကျင်လာတိုင်း
ဆန္ဒပြတတ်တဲ့
ဘယ်ဘက်ရင်အုံအောက်က
နှလုံးသားအစုံကိုလဲ
မုန်းတယ်........

ခံစားချက်တွေ
စာသားအဖြစ်ပြောင်းခဲ့လာတိုင်း
လိုက်ရေးနေမိတဲ့
ငါ့လက်တွေကိုလဲ
မုန်းတယ်.....

အရာရာကို နှလုံးသားနဲ့ခံစား
အရှုံးတွေနဲ့ကစားပြီး
သုညဆိုတဲ့ဘ၀ကနေ
နာလံမထူနိုင်ပဲ
အူတူတူဖြစ်နေတဲ့
ငါ့ကိုယ်ငါလဲ
မုန်းတယ်....မုန်းတယ်......

31 July, 2010

"Good Bye..F.O.R.E.V.E.R"


သာမန် အပြုအမူတစ်ခုနဲ့ လှုပ်ရှားစေခဲ့တဲ့ရင်ကို
သာမန် အပြုအမူတစ်ခုနဲ့ပဲ ပုတ်ချသွားစေခဲ့တယ် ..

နာကျင်မှုဆိုတာ ထုံပေနေပြီ
ခံစားမှုဆိုတာလဲ မှုန်ဝေနေပြီ

အဖန်တရာတေနေတဲ့
ဒဏ်ရာတွေနဲ့…
သေချာမမြင်ရတဲ့ နှလုံးသားကို
ချစ်တတ်အောင်သင်တော့မဲ့အစား..
ချောင်ပဲထိုးထားလိုက်တော့မယ်…

နှလုံးသားမပါပဲ.
ခပ်မုန်းမုန်းစကားတွေထွက်ဖို့
အနှစ်မပါစာသား
အချစ်မပါနှလုံးသားနဲ့
ဖြစ်ညှစ်ပြီး ပြုံးကြည့်လိုက်တယ်

မပီပြင်တော့တဲ့ အပြုံးစက
ရင်တစ်ခုလုံး ဓားနဲ့ဆွနေသလိုပါပဲ …

နေစရာမရတော့တဲ့ အချစ်
ပြင်လို့မရတော့တဲ့ အဖြစ်တွေနဲ့
နင့်နေတဲ့ ဒီရင်ခွင်…
မကြင်ချင်တော့တာကြောင့်
နယ်နှင်ဒဏ်ပေးရင်း …

အချစ်တစ်ခုရဲ့ ဇာတ်သိမ်းခြင်းက
မရှုမလှတဲ့အကြည့် ဆိတ်ငြိမ်မှုအတိနဲ့
နှုတ်ဆက်သွားလေရဲ့……
“Good Bye ..F.O.R.E.V.E.R”

19 July, 2010

အမည်မသိ ချစ်ခြင်း....


ချစ်ခြင်းတွေမုန်းခြင်းတွေမရှိ
အဆုံးဆိုတာမသိတဲ့ နေရာတစ်နေရာမှာ
ခံစားမှုတွေအသာချပြီး
ဘ၀အမောတွေဖြည်ပြချင်တယ်။။။
သုံးစားမရတဲ့…
နဂိုကရခဲ့တဲ့ အနာတရတွေကိုလဲ
အသာတကြည်ပဲ ပြာချလို့
လွမ်းစရာလို့ပဲ အမှတ်ရလိုက်ချင်တယ်
အချစ်ဆိုတာ ပြည်ဖုံး ကားချလို့မရပေမဲ့
အဆုံးသတ်မှာတော့….
မုန်းချက်တွေနဲ့ ဖျက်ပစ်လို့ရတယ်…
ဒါပေမယ့် မမုန်းတတ်တော့လဲခက်သား
ဒီတော့ ချစ်ခြင်းမုန်းခြင်း ကင်းမဲ့ဇုံထဲ
ကိုယ့်ကိုယ်ကိုယ် ပစ်ထည့်လိုက်ရုံပဲ ရှိတာပေါ့
တကယ်တော့ …
ကိုယ့်ဘာသာ ရှာခဲ့တဲ့မီးတစ်စ
ငြိမ်းလို့မရအောင် ပွားနေတော့
ကိုယ့်ဘာသာ ကြိတ်ပြီး ငြိမ်းမနေချင်တော့ဘူး
တိတ်တိတ်လေးပဲ အမုန်းပင်လယ်ထဲခုန်ချ
ဒီမီးစကို သတ်ပစ်လိုက်ရတော့မယ်…
မုန်းတတ်လို့တော့မဟုတ်ဘူး….
ချစ်တတ်လွန်းခဲ့လိုပါ….
လွမ်းတတ်လွန်းတဲ့လို့လဲမဟုတ်ဘူး
ခံစားတတ်ခဲ့လွန်းလို့ပါ…
ပုန်းခဲ့ဖို့လဲမရည်ရွယ်ခဲ့ပါဘူး
ဒါပေမယ့်
နင့်အရှေ့မှာ မျက်ရည်မကျချင်လို့ပါ…
ချစ်ပြနေလို့ထူးမှမလာပဲ
ဒုက္ခပေးနေသလိုပဲ ဖြစ်နေမယ်ထင်ပါရဲ့
ဒီတော့ ငါ့ဘ၀ကို
ကိုယ်တိုင်သာ မုန်းဖို့သင့်လျော်တဲ့
ဒီအမုန်းပင်လယ်တဲ့ထည့်လျှော် ..
မသန့်သေးတဲ့ စိတ်ကို
ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုံထဲ
ခြံခတ်ထည့်လို့ .. လုံအောင်ပိတ်
မျက်စိမှိတ်ပြီး သူငယ်ချင်းအဖြစ်နဲ့ပဲ
ရှေ့ဆက်ချစ်ဖို့ ကြိုးစားတော့မယ်….
မချစ်စဖူး ချစ်ခဲ့ဖူးတဲ့
ချစ်ရတဲ့ သူငယ်ချင်းရေ……

ချစ်မိသွားတဲ့ ... ငါ


နင့်ကိုချစ်တဲ့ အချစ်တွေ

မေတ္တာတွေနဲ့

ငါ့ဘ၀ငါ ပုံစံချထားလိုက်တာ

အချိုးကျနေမှန်း ငါ့ကိုငါတောင်မသိခဲ့ဘူး

နင်ပြောသမျှ ခေါင်းညှိတ်လို့

တိတ်တိတ်လေး ငိုခဲ့ရတဲ့အချိန်တွေ

မဖြစ်နိုင်တာကြီးကိုပဲ

ကြိတ်ကြိတ်ပြီး စိတ်ကူးယဉ်ခဲ့ရချိန်တွေ

ကြာလာတော့ ပုံစံခွက်ထဲကငါ

ပင်ပန်းလွန်းလို့ပါဟာ….

စိတ်ဓာတ်တွေကကျ

နှလုံးသားကလဲ ပုံစံမလှတော့ဘူး …

ခံစားချက် မကျတကျ

ကဗျာလှလှတွေလဲ မသီတတ်တော့ဘူး

ချည်နှောင်ထားတဲ့ ကြိုးက တင်းလွန်းလို့ပါ..

ကျေးဇူးပြုပြီး….

နည်းနည်းလောက်လျှော့ထားပေးပါ

ကြာလာရင် ငါ့နှလုံးသားတွေ

လုံးပါးပါးတော့မယ် ….

ငါ့အချစ်တွေလဲ မျက်ရည်တွေနဲ့

စခန်းသွားရတော့မယ်…..

ဖြစ်နိုင်ရင် …

နင့်နဖူးလေးကို ခပ်ပါးပါးလေးနမ်းပြီး

ငါ့အလွမ်းတွေဖြေချင်တယ်….

နင့်ရင်ခွင်ထဲ မှေးစက်မနေရရင်တောင်

ပစ္စလက်ခက် အမုန်းတွေနဲ့တော့

ရှုံးမနေချင်ဘူး….

ခပ်ဝေးဝေးကပဲ ပြုံးပြုံးလေး

ငေးကြည့်နေပါရစေ….

အရှုံးကြီး ရှုံးမိနေတဲ့ငါ့အတွက်

လက်မကမ်းချင်ရင်တောင်

အကြည့်လေးတစ်ချက်နဲ့တော့

အသိအမှတ်ပြုပေးခဲ့ပါ ….

ဒီပီတိနဲ့ပဲ ငါပြုံးကြည့်နေပါ့မယ်…

နင် ငါ့ကို ကျောခိုင်းသွားတဲ့တစ်နေ့ကျရင်ပေါ့….

04 July, 2010

ခံစားချက်မဲ့ ကာရံ


ဦးနှောက်မရှိတဲ့ ငါ့ခေါင်းထဲကို
ပြာစတွေသာသာရှိတဲ့
ခြ စားနေတဲ့ အတွေးစတွေ
ထိုးထည့်ထားလိုက်တယ်...


ရံဖန်ရံခါ သော့ပိတ်ဖို့မေ့တတ်တဲ့
ဘယ်ဘက်ရင်ဘတ်ထဲက ခံစားချက်မဲ့နေတဲ့
နှလုံးသားကိုလဲ
........
စွန့်ပစ်ခြင်းအမှိုက်ထုတ်ထဲမှာ

စိတ်ချလက်ချ အုပ်ထားလိုက်ပြီ....

ကဲ… ဘာတတ်နိုင်သေးလဲ.......
မျှော်လင့်ချက်ကိုအရည်ဖျော်သောက်ပြီး
ဘ၀ကို မှောက်ရက်တစ်ဖုံ
ဇောက်ထိုးတစ်လှည့်ထားကြည့်မယ်
အမြင်များပြောင်းသွားမလားလို့…

အဲ့ချိန်မှာ…အဟောင်းတွေက ပြန်ကျလာတယ်
တားမရဆီးမရနဲ့ ဦးနှောက်ထဲက
ခြစားနေတဲ့ပြာစတွေကလဲထကြွ

ပြောင်းပြန်အဖြစ်ထားလိုက်တဲ့ဘ၀ထဲ
အဟောင်းတွေက အသစ်ပြန်ဖြစ်လို့
ဝတ်ကောင်းစားလှတွေနဲ့ ကပြနေလိုက်တာ
ဇောက်ထိုးဖြစ်နေတဲ့ဘ၀တောင်
ခုံမင်စရာအတိနဲ့..

ဒါနဲ့.. စဉ်းစားမိတယ် …

ဒီဘ၀နဲ့ ဘယ်အထိနေကြည့်နိုင်မှာလဲ
လူမြင်မှာစိုးတော့
ဘ၀ကို စောင်ခြုံထားရမလိုပဲ

အတွေးတွေက ပရပွနဲ့
Upside down ဖြစ်နေတဲ့ဘ၀မှာ
ဆန္ဒတွေကလဲ မဟားတရားကြီးထွားချင်နေသေး....

ဒါတွေလိုက်တည့်ရင်းပဲ
ရွဲ့ရွဲ့ လာနေတဲ့ဘ၀ကို
ဒီဇောက်ထိုးဘ၀နဲ့ပဲ တစ်စခန်းချထားချင်တယ် ....

လူမသိ သူမသိပဲ
စိတ်ပျက်ခြင်းအတိ
ညှာတာမှုအလျင်းမရှိတဲ့
ခပ်ရိရိ မျှော်လင့်မိခြင်းတွေကို..
မသိတသိလေးပဲ နိဂုံးချုပ်မိတော့မယ်ထင်တယ်…….

24 June, 2010

"ပုစ္ဆာတစ်ပုဒ်အတွက် စာမျက်နှာတစ်ရွက်"



ကြယ်တွေက မလင်းတလင်းနဲ့ ညတစ်ည
ဘာရယ်မှန်းတော့မသိ
ခံစားမှုတွေပုံချမိတယ်

အမှားအမှန်မသိတဲ့
ရမ်းသမ်းမှန်းဆမှု....

တွေဝေခြင်းကင်းတဲ့
ခပ်ပြင်းပြင်းနှုတ်ဆိတ်ခြင်းတွေ...

ဒါတွေကို စားသုံးရင်း
ငါ့ဘ၀က မှုန်မှိုင်း
ထုံထိုင်းလာတယ်ထင်မိတယ်

အသက်မပါတဲ့ပုစ္ဆာတစ်ပုဒ်ကိုတွက်
အဖြေကိုမထွက်ထွက်အောင်
ခဲဖျက်နဲ့အတန်တန်ဖျက်နေရတဲ့ဘဝ

ဘယ်အချက်မှ အမှန်ထွက်မလဲဆိုတာ
တောင့်တရင်း
ကြိုးစားပမ်းစားပဲ တွက်ချနေမိတယ်

ခဲဆံတွေလဲကျိုး
ခဲတံလဲ အမျိုးမျိုးပြောင်းခဲ့ရပါပြီ.

ဒါတောင် လိုချင်တဲ့အဖြေမရ
ဘာများဆက်လုပ်ရပါ့မလဲ …..

အဖြေကိုလိုချင်မိတော့
စာမျက်နှာကျော်ပြီးလှန်ကြည့်မိတယ်

ဒါလဲထူးမခြားနား
အားလုံးက ပုစ္ဆာအပြည့်နဲ့ချည်းပါပဲလား

ထူးခြားချက်က .......
တစ်ပုဒ်နဲ့တစ်ပုဒ်များအခြေခံထားလိုက်သေးတယ်
မှတ်ချက်…….
(စာမျက်နှာကျော်လှန် သူများအတွက်တဲ့)

ဖတ်ကြည့်လိုက်တော့…
နောင်တရမိသွားတယ်…
ရလဒ်က......

ပုစ္ဆာအကုန်လုံးကို အစကပြန်တွက်ရမယ်တဲ့ဗျာ
တစ်ခါတစ်လေတော့လဲ ကံကြမ္မာဆိုတာကြီးကို
နာကျည်းမိချင်သား

လူဆိုတဲ့အမျိုးကလဲ လောဘကတက်
စောဒက အထပ်ထပ်နဲ့ဆိုတော့

အချိန်မတန်ခင်
စာမျက်နှာကျော်လှန်မိလိုက်ပါရောလား….

ဒီတော့ အစက ပြန်သွား
တစခန်းနားရပြန်ရောပေါ့ဗျာ….

ဘာပဲဖြစ်ဖြစ်......
ကျွန်တော်တော့ ဒုတိယမြောက်
ပုစ္ဆာကိုတွက်နေတုန်းပဲ

ဖော်မြူလာ အမျိုးမျိုးသုံး
သိသမျှ မှတ်သမျှတွေ အတုံးအရုံးအသုံးချလို့
ခဲခြစ်ရာတွေ ပရပွ မရစေဖို

ကျွန်တော့စာမျက်နှာလေးလှအောင်
အစွမ်းကုန် ခြယ်သ,ရ ဦးမယ်…

18 June, 2010

အမေ့အိမ်သို့..တမ်းချင်း


သူငယ်ချင်းရေ....
တစ်ချိန်တုန်းက တခမ်းတနားနဲ့
မိဘအရိပ်အောက်မှာ...
မျက်ရည်ဆိုတာ ခြောက်ခန်း
အပြုံးပန်းတွေနဲ့
ငါတို့ပျော်ခဲ့ဖူးတယ်...............

အပူအပင်ဆိုတာမရှိ
မေမေ့ရဲ့ကရုဏာအထိအတွေ့
ဖေဖေ့ရဲ့ အကြင်နာအကြည့်တွေမှာ
ငါတို့ပျော်ဝင်ဖြတ်သန်း
မမောမပန်းပဲ လျှောက်လှမ်းခဲ့ကြဖူးတယ်......

သူငယ်ချင်းရေ........
အဲ့လိုအပြုံးပန်းတွေနဲ့ဘဝ
နွေးထွေးတဲ့အရသာ
ကြင်နာတဲ့အထိအတွေ့
ငါတို့ဘယ်နေ့ပြန်တွေ့နိုင်ပါ့မလဲ ................

တစ်ချိန်တုန်းက ငယ်ဘ၀တွေတွေးရင်း
လွမ်းဆွတ် တမ်းတမိတယ်......

အရွယ်လေးမရောက်တရောက်
ပညာလေးမတောက်တခေါက်နဲ့
မိဘရင်ကိုစုံကန်
ငါတို့အပျံသင်ခဲ့ကြရတယ်

ရင်ငွေ့နွေးနွေးရဲ့ ခပ်ဝေးဝေးမှာ
ပညာရေးဆိုတာကို အကြောင်းပြ
ငါတို့ဘ၀တွေ ...
မိသားစုနဲ့ဝေး
အေးစက်စက် ဘ၀အိပ်ယာထက်မှာ
တစ်နယ်ဝေးက
မေမေပေးတဲ့ခွန်အားတွေနဲ့
အသက်ဆက် ...
မနက်မနက်ဆိုတာတွေကိုဖြတ်သန်း
တစ်နေ့တစ်လံ
ပုဂံဘယ်ရွေ့မလဲ ဆိုတဲ့စိတ်နဲ့လှမ်းရင်း....

အကြင်နာအပြည့်နဲ့ အမေ့အိမ်လေးကိုလွမ်းတယ်
စေတနာပရပွနဲ့ မေမေ့လက်ရာ ချိုမြမြတွေကို သတိရတယ်
အကြင်နာအလှနဲ့ တောက်ပခဲ့ဖူးတဲ့
မိသားစုဘ၀လေးကို တောင့်တတယ်

ဆုတောင်းခွင့်တစ်ခုသာရခဲ့ရင်...............
မေမေရဲ့.....
ငြင်သာဖွဖွ တယုတယအနမ်းတွေနဲ့
အခက်ခဲတိုင်းကို ရှေ့ဆက်လှမ်းနိုင်မဲ့
ခွန်အားတွေနဲ့
ဘ၀ကိုဆက်သွားပါရစေ....

16 June, 2010

ချစ်ခြင်းနဲ့ စစ်ခင်းခြင်း


ခပ်ကြမ်းကြမ်း သတိရမှုတွေ ဘေးအသာချ
အထာမကျတဲ့ ယောင်ချာချာအတွေးတစ်စနဲ့
ဟိုအရင် လှုပ်ရွရွ အလွမ်းတွေက
မျက်လွှာအသာချလို့
ပျင်းရိမှုနဲ့ ဆန္ဒပြနေလေရဲ့........

တစ်ထောင့်တစ်ညထက်သာတဲ့
လူတကာရဲ့မှတ်ချက်တွေကလဲ
သေသပ်မှုကင်းကင်းနဲ့ပဲ

ငါ့ခံစားချက်ကိုတက်နင်းလာကြတယ်
ဒါတွေကိုဂရုစိုက်လို့...
ငါလူမိုက်ဖြစ်သွားမှာပေါ့
ဘာပဲဖြစ်ဖြစ် ........
ငါ့အတွေးနဲ့ငါတော့
မှေးစက်လို့ကောင်းနေတုန်းပဲ
......
ဘယ်သူတွေဘာပြောပြောပေါ့

ငါ့အတွက်တော့...

ချစ်ခြင်းဆိုတာ အပြစ်ကင်းတယ်

ရှင်းရှင်းလေးနဲ့လဲ ပူပြင်းစေတယ်

အရက်ပြင်းတစ်ခွက်လို ...

သောက်ရင်းနဲ့လဲ မှောက်တတ်သေးတယ်...

နှောက်ယှက်ခြင်းကင်းတဲ့
ငါ့ခံစားမှုလျှောက်လမ်းကျဉ်
းထဲက
တင်းခံနေတဲ့ မပီဝိုးဝါးစကားတွေကို
ပစ်ချ ပြုတ်ကျစေတတ်တဲ့
နှလုံးသားရဲ့ လောက်လေးခွတစ်လက်

တစ်ခါတစ်လေကျတော့လည်း.....

ခပ်သွက်သွက်နဲ့ ရင်ဘတ်ထဲက
စည်းချက်တွေကို
ပုတ်ခတ်ပြတတ်သေးတယ်
လစ်လျူရှုမိရင်လဲ

မူပြီးကောက် ဆူပြီးဆောင့်ချင်သေးတာ

ဖျောက်ပစ်ဖို့လဲ လက်သည်မပေါ်ပဲမရ

ရော်....ခက်လှချည်ရဲ့....

နှလုံးသားတံခါးကိုဆောင့်ကန်

အကြံအသစ်အသစ်တွေနဲ့ ၀င်နေတဲ့ ဒီ "အချစ်"
ငါဘယ်လိုသတ်ပစ်ရပါ့မလဲ
ဒါကိုပဲတစ်နေ့တစ်နေ့စဉ်းစားရင်း
ငါ့နှလုံးသားလဲ လုံးပါးပါးလာပြီ......
.

14 June, 2010

အတွေးများရဲ့နိဒါန်း(သို့) ဘ၀တစ်ခုရဲ့နိဂုံး





အတွေးပျပျနဲ့ နိဒါန်းစ
ချီတက်လာခဲ့တဲ့ ဘ၀တစ်ခုမှာ

လောကဓံရဲ့အနာတရ

ရှုံးနိမ့်မှု အောင်မြင်မှုတွေနဲ့ ပကာသန

ပျော်ရွှင်မှု ၀မ်းနည်းမှုတွေရဲ့ အမှတ်တရ

ရင့်ကျက်မှုစီးကြောင်းထဲက
လောဘ ဒေါသ မောဟနဲ့ မာနတွေ

ပြည့်နှက်ခြင်းအတိနဲ့
အခွံသာရှိတဲ့ ဖြစ်တည်မှုတွေ

ရုပ်နာမ်တွေရဲ့ ခွဲခြားမှုအောက်က
အတ္တဟိတနဲ့ပရဟိတ
ကွာခြားချက်တွေ

ဒါတွေကိုနားလည်ဖို့အားတင်း
ခြေဖျက်ဖို့ကြိုးစားရင်းက

ရခဲ့တဲ့ဒဏ်ရာဒဏ်ချက်တွေနဲ့
ကဗျည်းတင်ဖို့တောင် အချိန်မရ
မရေရာလှတဲ့ဘ၀ကို
ပန်းကုံးစွပ်ဖို့
ကိုယ့်ဘ၀ကိုယ် ပုဝါစနဲ့
ကန့်လန့်ကာအရင်ချရမယ်တဲ့ဗျာ.....

လောကဓံရဲ့လှုပ်ခါချက်ကို
ပုဝါစတွေကရော ဘယ်လောက်ခံနိုင်ကျမှာလဲ

အချိန်တန်အိမ်ပြန်လမ်းကျမှ
လောကဓံရဲ့ ရိုက်ချက်နဲ့
စုတ်ပြတ်နေတဲ့ရင်ကိုခင်း
နာကျင်မှုကိုခပ်ပြင်းပြင်း ရှိုက်သွင်းပြီး
အခြေမလှတဲ့ အသုံးတော်ခံဘ၀နဲ့
ပျက်သုဉ်း ပျောက်ဆုံးသွားမှာ
ကြောက်မိပါရဲ့.....