တနင်္ဂနွေကို ခဏလေးကျောခိုင်းမိရုံနဲ့
စွယ်တော်ရွက်တွေက
တုန်…ရီ…ရှိုက် …ခတ်
ခပ်လွင့်လွင့် ပင့်သက် တစ်ချက်မှာ
အရှင်လတ်လတ်နဲ့ပဲ တဖျတ်ဖျတ် ကြွေ ရရှာတယ်။
သိပ် .. စော …. လွန်း … နေ …ခဲ့ ….တယ် တာရာ
ဒီရာသီဟာ အချိန်မတန်ပဲ
မှိုင်းတိုက်ခံခဲ့ရတယ်ဆိုတာ
ငါမသိခဲ့ရိုးအမှန်ပါ။
လက်တလှုပ်လှုပ်
ခြေတလှုပ်လှုပ်နဲ့ တနင်္ဂနွေဟာ
တည်ငြိမ်ရင့်ကျက်မှု မဲ့လာခဲ့ပြီ တာရာ
တစ်ကိုယ်စာကျောချင်းကပ်မိရုံလေးတင်ပါ
ဘာလို့ ငါတို့ခြေလှမ်းတွေ ကျောခိုင်းသွားကြလဲ။
ငါ ရေရေရာရာ မသိဘူး တာရာ
တကယ်တော့......
ဒီနေ့နဲ့မနက်ဖြန်ဟာ
စာရွက်တစ်ရွက်စာလေးပဲ ကွာဟခဲ့တာပါ
ဒီတနင်္ဂနွေဟာ နေ၀င်သိပ်စောလွန်းတယ် တာရာ။
အပြောင်းအလဲတစ်ခုကို
အသက်ရှူခွင့်ပေးဖို့
စက္ကန့်တံတစ်ချို့ကို
ငါရိုးကျိုးစွာ ခွင့်ပန်ချင်ရဲ့ တာရာ ...
နင်ဟာ ပင်မြင့်က သဇင်ပန်းမဟုတ်သလို
ငါကလဲ တုံးခု လှမ်းမဲ့လူ မဟုတ်ခဲ့ဘူး တာရာ
ငါတို့ဟာ မြေကြီးတစ်ခုပေါ်
အတူတူ ရပ်နေကြတဲ့
သုည တွေပါ။
ဒီပုစ္ဆာမှာ
အကိုးအကား အထောက်အထား မရှိဘူး
အထုပတ္တိမရှိဘူး တာရာ
ဒါဟာ ကံစီမံရာပဲ
ငါတို့ ဖန်တီးတဲ့ပန်းချီကားကို
ငါတို့ကိုယ်တိုင်ပဲ အနားသတ်ရလိမ့်မယ်။
သတ္တိရှိစမ်းပါ တာရာ
ငါတို့မပိုင်တဲ့
မနက်ဖြန်တွေထဲမှာ
ငါတို့ချယ်တဲ့ပန်းချီကားတွေ
ဘယ်လောက်လှခဲ့လဲဆိုတာ သက်သေ ပြဖို့
ဒီတနင်္ဂနွေအိပ်မက်တွေထဲ
နင်နဲ့ငါ
တိတ်တိတ်လေး ရိုးသားလိုက်ကြရအောင်။
စူးရှအိမ် (22/1/2012/ Sunday/05:44pm)
0 comments:
Post a Comment