23 January, 2012

သူငယ်ချင်းထံသို့..ပေးစာ

ဒီအရပ်မှာ

မင်းကြိုက်တဲ့ဒေါ်လာတွေ

ပေါပါတယ် သူငယ်ချင်း …

စေတနာ တရားပါတဲ့ နှလုံးသားက တော့

ကောက်ရိုးပုံထဲ အပ်ရှာရသလိုပဲ သူငယ်ချင်း ……



ဒီအရပ်မှာ

မင်းအထင်ကြီးတဲ့

ထိန်ထိန်ငြီးမီးတွေနဲ့

မိုးမျှော်တိုက်တွေပုံလို့ သူငယ်ချင်း …..

စာနာတတ်တဲ့မေတ္တာတရားကိုတော့

မီးအိမ်ထွန်းပြီးနေ့ဘက်လိုက်ရှာ

မင်း…

ထမင်းထုပ်သိုးသွားမယ် သူငယ်ချင်း ……..



နယ်နိမိတ်စည်းတစ်ခု ခြားသွားတဲ့အခါမှ

ပိုင်ဆိုင်သမျှ အရာရာက

တန်ဖိုးတက်လာသတဲ့လား သူငယ်ချင်း…..

အတုအယောင်နဲ့ ပိန်းပိတ်အောင် မှောင်နေတဲ့

ဒီနေရာက

နေ့ဘက်ပေမဲ့လည်း လမ်းပျောက်တတ်တယ် သူငယ်ချင်း ….



ကိုယ့်ရေ ကိုယ့်မြေမှာ

ကိုယ့်အမေ ချက်တဲ့ထမင်းမစားရပဲ

သူ့ဆန်စားရဲရတဲ့

ကျွန်ခံဘ၀မှာ မင်းသာယာချင်သလားသူငယ်ချင်း ……



မင်းရှေ့မှာ ဒေါ်လာပုံထပ်နေပေမယ့်

အကျိုးလိုမှ အကြောင်းလုပ်တတ်တဲ့

ဒီတနပ်စာ ထမင်းစားခွက်က

ငါတို့အမိမြေက

ရေကြည်တစ်စက်ထက်မသာဘူးသူငယ်ချင်း ….



အတုအယောင်အိပ်မက်မှာ

မမျောတတ်နဲ့သူငယ်ချင်း

တံလျှပ်ကို ရေထင် မိလို့

နောင်တ တွေ တနင့်တပိုးရလာတဲ့အခါ

မိအေး နှစ်ခါနာ ဘ၀နဲ့

စုပ်လဲဆူး စားလဲ ရူးဖြစ်နေရတဲ့

ဒေါ်လာစားဘဝ

ကျေးဇူးပြုပြီး…အားမကျလိုက်ပါနဲ့သူငယ်ချင်း …



ဆုတ်ကိုင်မိတဲ့အရာကိုတန်ဖိုးထား

မလျှော့တဲ့ဇွဲ ခွန်အားနဲ့

မင်း ကြိုးစားပြလိုက်ပါသူငယ်ချင်း

အချိန်တန်အိမ်ပြန်လို့ ….

ကိုယ့်ခြေထောက်ပေါ်မတ်မတ်ရပ်တည်နေတဲ့မင်းမျက်နှာ

ငါမြင်ရတဲ့အခါ …

ဒါဟာ ငါ့သူငယ်ချင်းပါလို့ ….

ဝမ်းသာအားရ ပုခုံးဖက်လို့ …….

ဂုဏ်ယူဝင့်ကြွားစွာ နှုတ်ဆက်ပါရစေသူငယ်ချင်း …….

စူးရှအိမ် (6/1/2012)...2am

0 comments:

Post a Comment