မှတ်မှတ်ရရ
နင့်ခြေလှမ်းတွေ ငါနဲ့ဆန့်ကျင်ရာဘက်ကို မျက်နှာ မူတဲ့ရက်
နံရံက ဆေးစက်တွေကိုကြည့်ရင်း
ပိတ်ကားချ စာတမ်းထိုးဖို့ဆိုတဲ့အရာက
ငါ့အတွက်တော့
အရှင်လတ်လတ် ညှင်းဆဲခံရတာထက်နာတယ် ...ကြယ်စင် ....
ကြက်ခြေခတ်ဆိုတဲ့အရာမျိုးက
ဖျက်ဖို့ခက်တဲ့ အရာမှန်း နင်သိရက်နဲ့
ဒီဆောင်းကိုမှ အရောင်ဆိုးရက်တယ် .....
သွားလေးတွေ စီတန်းနေတဲ့ရာဇ၀င်မှာ
အက္ခရာတစ်ခုက ပဲ့ကျခဲ့သလိုမျိုး ..
အလံဖြူတွေလဲ ကျိုးခဲ့ဖူးပြီ
ကြယ်စင်ရေ …..
နင့်အပြုံးကို မက်မောမိပါတယ် ပြောတော့
ဟက်ဟက် ပက်ပက် ရယ်မောရင်း
နောက်စရာရှားလို့ကွာ ဆိုတဲ့
ရွဲ့ရွဲ့တဲ့တဲ့သံစဉ်တွေကြားမှာ …
ဒီကောင့်ကဗျာတွေ မုန်တိုင်းထန်ခဲ့ဖူးတယ် ကြယ်စင်
မျဉ်းတစ်ကြောင်းတောင် ဖြောင့်အောင် မဆွဲခဲ့ဖူးတဲ့
ငါ့လမ်းတွေမှာ
နင်ပေးလိုက်တဲ့ ခြေရာတစ်ချို့က
သိပ်နက်လွန်းတယ် ကြယ်စင်ရယ် …
ငါ အိပ်မရတဲ့ရက်တွေထပ်နေပြီလို့ ရေရွတ်တော့
ခပ်ဖွဖွရယ်ရင်း ....
အိပ်ဆေးသောက်ပြီးအိပ်ပေါ့ တဲ့
ဒါဟာ ဟာသ ပျက်လုံး တစ်ခုမဟုတ်ဘူး ကြယ်စင်
နှလုံးသားကို အိပ်မောချခွင့်ရရင်
ငါလဲ ဒီရေအဆန်မှာ လက်ပစ်ကူးပစ်လိုက်ချင်ပါရဲ့...
နင်ကြွေကျ မြေခရမှာ ကြောက်လွန်းလို့
ကာထားတဲ့ ဒီရင်ဘတ်
စုတ်ချက်တွေ အလီလီနဲ့
နှစ်တွေချီနေခဲ့ပြီ ကြယ်စင်….
နင်ကတော့ တစ်နပ်စာအတွေးတွေနဲ့
အလည်လွန်လို့ကောင်းတုန်း …
အချိန်တန်ရင် အိမ်ပြန်ခဲ့ပါ ကြယ်စင် …
ငါ ဆိုတဲ့ကောင်က
ခ ယ သီကျူးခြင်းတွေနဲ့ အကျွမ်းတ၀င်မရှိပေမယ့် ..
အဖြူရောင်စကို ကိုင်ထားတဲ့လက်နဲ့
နင် ဆိုတဲ့ ၀င်သက်ထွက်သက်ကို မှတ်ရင်း
နေကို ပတ်ခဲ့တာ သုံးခါလည်ခဲ့ပြီ …
ဒါဟာ အကောင်းဆုံး ဆင်ခြေ တစ်ခုပါဆိုတာ …
ဘာသက်သေသာဓကနဲ့မှ ငါမပြလိုဘူး
နှလုံးသွေးနဲ့ မရေးပေမယ့်
နှလုံးသားနဲ့ရေးထားတဲ့ စာမျက်နှာတိုင်းဟာ
နင့်အတွက် ဘယ်တော့မှ မပျက်မဲ့သစ္စာတွေ နဲ့ပါ ကြယ်စင် …
ငါဟာ တစ်ထောင့်တစ်ည အိပ်မက်တွေထဲက
ဇာတ်ကောင်တစ်ကောင်ပါ ကြယ်စင် ….
မဆုံးနိုင်အောင် ပရိယာယ်ထိုးထားလဲ
သံစဉ်အိုတွေ လဲပြိုတော့မဲ့ညမှာ
ရိုးသားစွာနဲ့ပဲ…
မက်မော ဖူးတဲ့ လက်အစုံထဲ
ငါ့ကောင်းကင်တစ်ခုလုံး …ထည့်ထားခဲ့ပါရစေ ။ ။
စူးရှအိမ် (2:08Am, 31st/12/2011)
04 January, 2012
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment